March 4th, 2023
By NVEC
ပညာရေးနှင့်ဆိုင်သော အတွေးများ
Education ကို မြန်မာတို့က “ပညာရေး” ဟု ဘာသာပြန်သည်။ အိန္ဒိယတို့ကမူ “သိက္ခာ Śikṣā” ဟု ဘာသာပြန်သည်။ “သိက္ခာ” သည် ဟိန္ဒူ၊ ပါဠိ၊ သက္ကတ ဘာသာစကားတွင် “သင်ယူခြင်း၊ လေ့ကျင့်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓသာသနာတွင် သိက္ခာကို သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဟု အဆင့်သုံးဆင့် ပိုင်း၍ ပြသည်။ ထို့ကြောင့် “သိက္ခာ” ဟူသည် မိမိ၏ သန္တာန်တွင် ကိုယ်ကျင့်တရား၊ စူးစိုက်တည်ကြည်မှုနှင့် အမှန်ကို ထိုးထွင်းသိမြင်နိုင်သည့် ပညာတို့ကို အဆင့်ဆင့် လေ့ကျင့် သင်ယူရသည့် ဖြစ်စဉ် တရပ်ပင် ဖြစ်သည်။ မြန်မာတို့က Education ကို ပညာရေးဟု ဘာသာပြန် သုံးစွဲခြင်းသည် သိက္ခာသုံးပါး အနက် ခေါင်ကို ကိုင်၍ ပြောလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ယနေ့ခေတ်တွင် ပညာရေးဟု ဆိုလိုက်လျှင် ပညာရေး၏ ကျယ်ပြောလေးနက်သည့် အဓိပ္ပါယ်များထက် စာသင်ကျောင်းများ၊ စာမေးပွဲရလဒ်များ၊ ဘွဲ့လက်မှတ်များကိုသာ ပြေးမြင်တတ်ကြသည်။ ဘွဲ့လက်မှတ်များသည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်၍ ပညာရေးသည် ဘဝအောင်မြင်မှုအတွက် ကြိုတင်ပြင်ဆင်မှုမျိုး ဖြစ်သည်ဟု ဆိုခြင်းသည် လုံးဝ မှားယွင်းနေသည်ဟု မဆိုနိုင်သော်လည်း၊ ရာနှုန်းပြည့်တော့ မမှန်။ ပညာရေးသည် အသိဉာဏ်စွမ်းရည် (cognitive skills) ထက်မြက်အောင် ပြုစုပျိုးထောင်ရန် သာမက၊ ကိုယ်ကျင့် စရိုက်ကောင်းများကို လေ့ကျင့် ပျိုးထောင်ပေးသည့် စာရိတ္တပညာရေး (character education) လည်း လိုအပ်ပါသည်။ ပညာရေးကို ကျောင်းသင်ခန်းစာ သက်သက်အဖြစ်သာ ရှုမြင်ခြင်းသည် ပညာရေး တခုလုံးကို လွှမ်းခြုံ မမြင်ဘဲ၊ အစိတ်အပိုင်းလေးတခုကိုသာ ကွက်၍ မြင်ခြင်းနှင့် တူသည်။
စာရိတ္တပညာရေး ဟူသည် အသစ်အဆန်းတော့ မဟုတ်။ ရှေးယခင်က အနောက်တိုင်း ခရစ်ယာန် သာသနာပြုကျောင်းများတွင် ဖြစ်စေ၊ အရှေ့တိုင်းမှ ဗြဟ္မဏပညာရေး၊ ဗုဒ္ဓဘာသာပညာရေးနှင့် ကွန်ဖြူးရှပ်ပညာရေးတို့တွင် ဖြစ်စေ စာရိတ္တပညာရေးသည် ပညာရေး၏ နှလုံးသည်းပွတ် ဖြစ်ခဲ့သည်။
၁၉-ရာစုနှောင်းပိုင်းနှင့် ၂၀-ရာစုကာလ ခေတ်ပညာကျောင်းများ ထွန်းကားလာမှသာ စာရိတ္တပညာရေးဖက်တွင် ပေါ့လျော့လာခဲ့ခြင်း ဖြစ်သည်။ ပညာမည်မျှ တတ်ပါစေ ကိုယ်ကျင့်သီလ မရှိပါက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ပြုနိုင်သည်။ ကိုယ်ကျင့်သီလ ကောင်းမွန်သော်လည်း အသိပညာမရှိ ပြန်လျှင်လည်း လိုရာပန်းတိုင်သို့ ရောက်နိုင်မည် မဟုတ်။ သောဏဒဏ္ဍသုတ်မှ ပုဏ္ဏား၏ စကားဖြင့်ဆိုရလျှင် “လက်တဖက်ကို အခြားလက်တဖက်ဖြင့် ဆေးကြောရသလို၊ သီလကို ပညာနှင့် စင်ကြယ်အောင် ဆေးကြောရ၍ ပညာကို သီလဖြင့် စင်ကြယ်အောင် ဆေးကြောရပါသည်”။
ယနေ့ခေတ် ပညာရေးနယ်ပယ်တွင် စာရိတ္တ (character) ဟူသော ဝေါဟာရကို Moral character နှင့် Performance character ဟု ထပ်မံ၍ ခွဲလာကြသည်။ Moral character သည် ကိုယ်ချင်းစာနာမှု၊ ကြင်နာသနားမှု၊ မိမိကိုယ်တိုင်နှင့် သူတဖက်သားအား လေးစားမှု၊ တရားမျှတမှုစသည့် ပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် အရေးပါသည့် အရည်အချင်းများ ဖြစ်သည်။ Performance character သည် မိမိ၏ စိတ်ခံစားမှု အလျှောက် အလျှင်စလို မတုန့်ပြန်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ အလုပ်တခုတွင် ကြာရှည် အာရုံစူးစိုက်ထားနိုင်ခြင်း၊ အလွယ်တကူဖြင့် အရှုံးမပေးခြင်း၊ ဇွဲလုံ့လရှိခြင်း စသည့် အလုပ်တခုကို ပြီးမြောက်အောင်မြင်ရန် ဆောင်ရွက်ရာတွင် အရေးပါသည့် အရည်အချင်းများ ဖြစ်သည်။ အကြမ်းဖျဉ်းအားဖြင့် အသိဉာဏ် စွမ်းရည်တို့ (Cognitive skills) ကို ပညာအုပ်စုတွင် ထည့်သွင်း၍၊ Moral characters တို့ကို သီလအုပ်စု၊ Performance characters တို့ကို သမာဓိအုပ်စုတွင် ထည့်သွင်းနိုင်ပါသည်။ သမာဓိအုပ်စုတွင် ဝီရိယ၊ သတိ၊ သမာဓိဟူသည့် အရည်အသွေးများ ပါဝင်နေသည်။
၂၀-ရာစု ကျောင်းများတွင် ဗဟုသုတနှင့် အသိဉာဏ်စွမ်းရည်ကိုသာ အဓိကထား သင်ကြားပေးကြပြီး၊ စာရိတ္တပညာရေးက မဆိုသလောက်သာ ပါတတ်သည်။ စာရိတ္တပညာရေးတွင်လည်း ကိုယ်ကျင့်တရားနှင့် ပြည်သူနီတိကဲ့သို့ သီလပိုင်းဆိုင်ရာ တန်ဖိုးများကိုသာ သင်ကြားပေးပြီး၊ အလုပ်တခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် လိုအပ်သည့် Performance characters ကို တခုတ်တရ လေ့ကျင့်သင်ကြားပေးခြင်းမျိုး မရှိခဲ့။ ခရီးသွားဟန်လွဲ ပါသွားသည်သာ ရှိသည်။ ထို့သို့ ဖြစ်ရခြင်းသည်လည်း ဗဟုသုတနှင့် အသိဉာဏ်စွမ်းရည် ထက်မြက်၍ Intelligence Quotient (IQ) ကောင်းသူတို့ကသာ ဘဝတွင် အောင်မြင်သူများ ဖြစ်လာမည်ဟု ယူဆခဲ့ကြ၍ ဖြစ်သည်။
၁၉၉ဝ-ခုနှစ် Daniel Goleman ၏ Emotional Intelligence စာအုပ်ထွက်လာပြီးနောက်ပိုင်းတွင်မူ Emotional Quotient (EQ) ဟူသော ဝေါဟာရကအတော်လေး ရေပန်းစားလာခဲ့သည်။ စာသင်ကျောင်းများ၊ အလုပ်ခွင်များတွင် Emotional Intelligence ကို မိတ်ဆက်ပေးလာကြသည်။ ချီကာဂိုတက္ကသိုလ်မှ စီးပွားရေး နိုဘယ်လ်ဆုရှင် James Heckman ၏ လတ်တလော သုတေသနပြုချက်များအရ ဘဝအောင်မြင်မှုအတွက် IQ က ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းမျှသာ အထောက်အကူပြုသည်။ ပျင်းစရာကောင်းသည့် အလုပ်မျိုး၊ ဆုလဒ်ရမည်မဟုတ်သည့် အလုပ်မျိုးကို စိတ်ရှည်ရှည်ထား၍ လုပ်နိုင်သည့် ဇွဲ၊ တာဝန်သိစိတ်၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုစသည့် ဉာဏ်ရည်နှင့် မဆိုင်သည့် အရည်အချင်းတွေက (non-cognitive skills) က ပို၍ အရေးပါကြောင်းတွေ့ရှိခဲ့သည်။ ပင်ဆာဗေးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် Angela Duckworth ကလည်း IQ ကိုယ်တိုင်က စိတ်အားထက်သန်မှုနဲ့ ဇွဲလုံ့လတို့ပေါ်မှာ မူတည်နေကြောင်းကို တင်ပြခဲ့သည်။ ထိုသို့သော သုတေသနများ ထွက်လာပြီးနောက်ပိုင်း အမေရိကန်တွင် Performance character ကို ဦးစားပေးသည့် ကျောင်းများ အလျိုအလျို ထွက်ပေါ်လာသည်။
မြန်မာပြည်မှာလည်း သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဟူသည့် သိက္ခာသုံးပါး အချိုးညီညီ လေ့ကျင့်သင်ကြားပေးနိုင်မည့် ပညာရေးစနစ်မျိုး ပေါ်ထွန်းလာစေလိုပါသည်။
စာညွှန်း
- Paul Tough, How Children Succeed: Grit, Curiosity, and the Hidden Power of Character (2012)
- Matthew Davidson and Thomas Lickona, Smart and Good: Integrating Performance Character and Moral Character in Schools (2007)