March 5th, 2023
By NVEC
သင်ယူခြင်း အတတ်ပညာ
A Note on Active Reading/ Learning
တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။
စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။
သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်) ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။
ပိဋကတ်ပါဠိတော်လာ ဝါကျတစ်ကြောင်း ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။
တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။
ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။
အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။
လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမသဘောကို သိခြင်း (ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။
လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လူ့သဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။
ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။
ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားနှင့်အညီ ကျင့်သုံးနေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။
အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။
၁။ စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
၂။ ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
၃။ မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
၄။ နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
၅။ လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)