January 24th, 2018
By NVEC
ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သင်ယူခြင်း
Nature vs Nurture
ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်၍ ခေတ်အဆက်ဆက် အငြင်းပွားလာခဲ့ကြသည့် အယူအဆနှစ်မျိုး ရှိသည်။ အချို့က ဉာဏ်ရည်ဉာဏ်သွေးသည် မိဘမျိုးရိုးထံမှ အမွေဆက်ခံ ရရှိလာသည့် မွေးရာပါ ပင်ကိုယ်သဘာဝ (nature) ဖြစ်သည်ဟု ယူဆကြသည်။ အချို့ကမူ ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် မှန်ကန်သည့် ပြုစုပျိုးထောင်မှု (nurture) က ပို၍ အရေးပါသည်ဟု ယူဆကြသည်။
ဦးနှောက်၏ အလုပ်လုပ်ပုံနှင့် ဖွံ့ဖြိုးမှုကို ပိုမိုနားလည်လာသော ယနေ့ခေတ်တွင် ပင်ကိုယ်သဘာဝနှင့် ပြုစုစောင့်ရှောက်မှု ပြဿနာ (တနည်း မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ပြဿနာ) ကို သိပ်အငြင်းပွားနေရန် မလိုတော့ပါ။ ဦးနှောက်ကို နျူရွန် (Neuron) ဆဲလ်များဖြင့် ချိတ်ဆက် ဖွဲ့စည်းထားသည့် ကွန်ရက်တခုဖြစ်သည်။ နျူရွန်ဆဲလ်တို့တွင် အကိုင်းအဖက်သဖွယ် ဖြာထွက်နေသော အာရုံကြောမျှင်များ ရှိကြသည်။ ထိုအာရုံကြောမျှင်များက အခြားသော နျူရွန်ဆဲလ်တခု၏ အာရုံကြောမျှင်များနှင့် ချိတ်ဆက်မိကာ သတင်းအချက်အလက်များကို ဖလှယ်နိုင်သည်။ နျူရွန်ဆဲလ်တစ်ခုနှင့် တစ်ခုကို ချိတ်ဆက်ပေးသည့် နျူရွန်ဆက်ထုံးများ (Synapse) သည် မမွေးဖွားမီ သန္ဓေသားဘဝမှစ၍ လူကြီးဘဝရောက်သည်အထိ ပြောင်းလဲ ချိတ်ဆက်နေကြသည်။ အစောပိုင်းကာလတွင် နျူရွန်ကွန်ရက်သည် ရိုးစင်းလှသည်နှင့်အမျှ အသိဉာဏ်နှင့် ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းကလည်း နုနယ်သေးသည်။ ပြင်ပမှ ပြုစုစောင့်ရှောက်မှုများနှင့် ပတ်ဝန်းကျင် အတွေ့အကြုံများအလိုက် နျူရွန်ဆက်ထုံးအသစ်များ ဖြစ်ပေါ်လာကာ ပို၍ အဆင့်မြင့်သည် နျူရွန်ကွန်ရက် တစ်ခု ဖြစ်လာသည်။ မျိုးရိုးဗီဇက မည်သို့သော နျူရွန်ကွန်ရက်တစ်ခု တည်ဆောက်မည်ကို ဗိသုကာပုံံကြမ်း ချပေးလိုက်သည်။ ထိုပုံကြမ်းကို မူတည်၍ အမှန် တည်ဆောက်သည်ကတော့ ပြုစုပျိုးထောင်မှု၊ ပတ်ဝန်းကျင်၊ အတွေ့အကြုံများနှင့် ပို၍ သက်ဆိုင်သည်။
Fire together, Wire together
ပတ်ဝန်းကျင်လှုံဆော်မှုနှင့် အတွေ့အကြုံများအလျောက် ဦးနှောက်၏ နျူရွန်ဆက်ထုံးများကို လိုရာ ပုံသွင်းယူနိုင်သည်ဟူသည့် Nueroplasticity သဘောတရားသည် သင်ယူမှုအတွက် အလွန်အရေးပါသည်။ ဥပမာ ကလေးငယ်များအား ချော့မြှူခြင်း၊ သီချင်းဆိုပြခြင်း၊ စာဖတ်ပြခြင်း၊ သူတို့၏ အသံများကို အရေးတယူ တုန့်ပြန်ပေးခြင်းတို့သည် ဘာသာစကားနှင့် သက်ဆိုင်သည့် နျူရွန်များကို ချိတ်ဆက်မိစေရန် လှုံ့ဆော်ပေး၍၊ ချိတ်ဆက်မိပြီးသော သက်ဆိုင်ရာ နျူရွန်ဆက်ထုံးများသည်လည်း ပို၍ အားကောင်းလာသည်။ ဤသဘောတရားကို Donald Hebb က “အတူ လှုံ့ဆော်မှုရရှိသော နျူရွန်ဆဲလ်များသည် အတူချိတ်ဆက်သွားကြသည်” (The neurons that fire together, wire together) ဟု ဝါကျတိုလေးဖြင့် ဖော်ပြခဲ့သည်။ အဆက်အစပ်ရှိသည့် အကြောင်းအရာများကို ကလေးတို့အား ထပ်ဖန်တလဲလဲ ကြားနာ သင်ယူ လုပ်ဆောင်စေခြင်းသည် ထိရောက်မှုရှိသည့် သင်ယူနည်းဖြစ်ကြောင်း ဤသဘောတရားက ထောက်ခံချက်ပေးနေသည်။ ထို့အတူပင် ကလေးငယ်တို့ ပြောဆိုမေးမြန်းသည်ကို ဂရုမစိုက်ဘဲ နေခြင်း၊ အကြောင်းအကျိုးသင့် ဆုံးမခြင်းမျိုး မဟုတ်ဘဲ ဆူပူကြိမ်းမောင်း အပြစ်ပေးခြင်းတို့က မလိုလားအပ်သည့် နျူရွန်ချိတ်ဆက်မှုများ ဖြစ်ပေါ်စေသည်ကိုလည်း သတိပြုသင့်ပါသည်။
အသက်အရွယ်အလိုက် နျူရွန်ဆက်ထုံးများ ဖွင့်ဖြိုးမှု
Blooming and Pruning
ဦးနှောက်သည် လိုရာပုံသွင်းယူနိုင်သည်ဟု ဆိုသော်လည်း ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းသည် တဖြောင့်တည်းရှိသည် မဟုတ်ဘဲ၊ လှိုင်းလုံးသဖွယ် အတက်အကျရှိသည်။ မွေးကင်းစမှသည် အသက် ၅-နှစ်အထိ အရွယ်သည် ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း အမြင့်မားဆုံးကာလဟု ဆိုနိုင်သည်။
သန္ဓေသားဘဝမှစ၍ တစ်မိနစ်လျှင် နှစ်သိန်းခွဲနှုန်းဖြင့် နျူရွန်ဆဲလ် အသစ်များ တိုးပွားလာ၍ မွေးကင်းစအရွယ်တွင် လူကြီးတစ်ဦးတွင် ရှိရမည့် ဆဲလ်အရေအတွက် ပမာဏရှိပြီး ဖြစ်နေသည်။ မွေးကင်းစမှ ၁-နှစ်သားအတွင်း ဦးနှောက်၏ အရွယ်အစားသည် နှစ်ဆနီးပါး ဖွံ့ဖြိုးလာ၍ ၃-နှစ်သား အရွယ်တွင် လူကြီးတဦး၏ ဦးနှောက်ပမာဏ၏ ၈၀% ခန့်ထိ ရောက်ရှိလာသည်။ ထို့အတူပင် နျူရွန်ဆဲများသည် တစ်စက္ကန့်လျှင် တစ်သန်းနှုန်းမျှဖြင့် ချိတ်ဆက်မှုများ ဖြစ်ပေါ်နေသည်။ ၂-နှစ်သား ၃-နှစ်သားအရွယ် ကလေးငယ်တစ်ဦး၏ နျူရွန်ဆက်ထုံး ပမာဏသည် လူကြီးတစ်ဦးတွင် ရှိရမည့် ပမာဏထက် ၂-ဆခန့် သို့ရောက်သွားသည်။ ၃-နှစ်မှ ၅-နှစ်အရွယ်ကလေးတို့၏ ဦးနှောက်သည် တက္ကသိုလ်ကျောင်းသားတစ်ဦးထက် နှစ်ဆမျှ အလုပ်လုပ်ရသည်ဟု ဆိုနိုင်သည်။ အသက် ၃-နှစ်မျှ လူပျိုပေါက်၊ အပျိုပေါက်အရွယ်အတွင်းတွင် အသုံးမပြုသည့် နျူရွန်ဆက်ထုံးများက ပြန်၍ ပျောက်သွားကာ၊ အသုံးများသည့် နျူရွန်ဆက်ထုံးများက ပို၍ အသားကျခိုင်မာလာသည်။ ဤဖြစ်စဉ်ကို သိပ္ပံပညာရှင်တို့က နျူရွန်ဆက်ထုံးတို့ ပန်းပွင့်သလို ဝေဝေဆာဆာ ပွင့်လန်းခြင်းနှင့် အကိုင်းဖြတ်ခြင်း (Blooming and Pruning) ဟု တင်စားခေါ်ကြသည်။ ဦးနှောက် နျူရွန်ဆက်ထုံးများ ဝေဝေဆာဆာ ပွင့်လန်းချိန်တွင် “သုံးလျှင် သုံး၊ မသုံးလျှင် ဆုံးရှုံးလိမ့်မည်” (use it, or lose it) ဟု ပညာရေးသုတေသီတို့က သတိပေးကြသည်။
Windows of Opportunity
နျူရွန်ဆက်ထုံးများ ဝေဝေဆာဆာ ပွင့်လန်းချိန်သည် သင်ယူမှုအတွက် အထိရောက်ဆုံး ကာလ ဖြစ်သဖြင့် ပွင့်နေသည့် အခွင့်အလမ်း ပြူတင်းပေါက်များ (Windows of opportunity) ဟု ခေါ်သည်။ ထိုသတ်မှတ်ထားသည့် အချိန်ကာလအတွင်းတွင် ဖွံ့ဖြိုးရမည့် သက်ဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးရန်အတွက် အလွန်အရေးပါသည်။ ထိုအချိန်ကို အမိအရ အသုံးချ၍ ကလေးတို့၏ ပညာရေးတွင်
ရင်းနှီးမြုတ်နှံမှုများ ပြုခဲ့ပါက ရည်ရှည်အကျိုးဖြစ်ထွန်းမှု ပို၍ ရနိုင်သည်။ ထိုအခွင့်အလမ်း ပြူတင်းပေါက်များ ပိတ်သွားသည့်တိုင် သင်ယူမှုများ ဆက်လက် ပြုလုပ်နိုင်သေးသော်လည်း ပိုမို ခက်ခဲ၍ အားစိုက်မှု ပို၍ လိုအပ်မည် ဖြစ်သည်။
Windows of Opportunity (အခွင့်အလမ်းပြူတင်းပေါက်များ)
အခွင့်အလမ်းအမြင့်ဆုံးကာလ(Optimal Window) | နောက်ထပ်ရနိုင်သောအခွင့်အလမ်း(Next BestOpportunity) | နျူရွန်ချိတ်ဆက်မှုပြန်ဖြစ်နိုင်ခြေ(Further Rewiring possible) | |
---|---|---|---|
စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် (Emotional Intelligence) | 0 - 24 months | 2 - 5 years | မည်သည့်အရွယ်မဆို |
ကြွက်သားဖွံ့ဖြိုးမှု (Motor Development) | 0 - 24 months | အသက်အလိုက် လျော့နည်းသွား | Sharpshooter |
အမြင်အာရုံ (Vision) | 0 – 2 years | 2 - 5 years | |
အစောပိုင်းအသံ (Early Sound) | 4- 8 months | 8 months - 5 years | |
ဂီတ (Music) | 0 – 3 years | 3 - 10 years | မည်သည့်အရွယ်မဆို |
စဉ်စားနိုင်စွမ်း (Thinking Skill) | 0 – 4 years | 4 - 10 years | မည်သည့်အရွယ်မဆို |
ဘာသာစကား (Language Aquisition) | 0 – 4 years | 4 - 7 years | မည်သည့်အရွယ်မဆို |
ဒုတိယဘာသာစကားတတ်မြောက်မှု (SecondLanguage Acquisition) | 0 – 10 years (*) | မည်သည့်အရွယ်မဆို |
အချို့သုတေသီတို့က မိခင်ဘာသာစကားနှင့် ဒုတိယဘာသာစကားကို မွေးစမှ အသက် ၅ နှစ်အတွင်းတွင် လွယ်ကူစွာ သင်ယူနိုင်သည်ဟု ဆိုသည်။ အချို့ကမူ မိခင်ဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးမှ ဒုတိယဘာသာစကားကို သင်ယူသင့်သည်ဟု ဆိုသည်။ အချို့ကလည်း ကြားချ၍ အစောပိုင်းကာလတွင် ဒုတိယဘာသာ စကား ၅၀-ခန့်သာ စတင်သင်ယူ၍ အသက် ၅-နှစ်မှ ၁၀-နှစ် အတွင်းရောက်မှ သင်ယူသင့်သည်ဟု ဆိုသည်။
Ref:
- Pam Schiller, Start Smart: Building Brain Power in the Early Years (2012)
- The first years of life are a vital period for early brain development http://www.urbanchildinstitute.org
- InBrief: The Science of Early Childhood Development https://developingchild.harvard.edu