March 5th, 2023
By NVEC
မေးတတ်ခြင်းနှင့် ဖြေတတ်ခြင်း
ပညာရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရား နှစ်ခုရှိပါတယ်။ အချို့က ပညာသင်တယ်ဆိုတာ ကလေးရဲ့ ခေါင်းထဲကို ထည့်ပေးတာလို့ ယူဆပြီး၊ အချို့ကတော့ ပညာသင်တယ်ဆိုတာ ကလေးတွေရဲ့ ပင်ကိုယ် အရည်အချင်းတွေကို ဆွဲထုတ်တာလို့ ယူဆပါတယ်။
ပထမအယူအဆအရ ကလေးတွေက မွေးဖွားလာတဲ့ အခါမှာ သူတို့ခေါင်းထဲမှာ ဘာမှ ပါမလာဘူး၊ အိုးအလွတ်တလုံး၊ သင်ပုန်းလွတ်တချပ်နဲ့ တူတယ်လို့ ယူဆပါတယ်။ သင်ပုန်းလွတ်သဘောတရား (Blank Slate Theory) လို့လည်း ခေါ်ပါတယ်။ အင်္ဂလိပ် အတွေးအခေါ်ပညာရှင် ဂျွန်လော့ John Locke (1632 – 1704) ကြောင့် ပညာရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလို့ Lockean Theory လို့လည်း ခေါ်လေ့ ခေါ်ထ ရှိပါတယ်။ ဂျွန်လော့ကို နာမည်တပ်ပြီး ပြောကြပေမယ့် ဟိုးဂရိခေတ်ကတည်းက အရစ္စတိုတယ်လည်း ပြောဖူးပါတယ်။ သူ့အရင် လူတွေကလည်း ပြောခဲ့ဖူးပါတယ်။ ကန်တော်မင်းကျောင်း ဆရာတော်ရဲ့ လောကသာရပျို့ထဲက “သိပ္ပကိုမူ၊ နည်းသည်ဟူ၍၊ မအောက်မေ့နှင့်၊ တွေ့ရာမှတ်သား၊ မိုးပေါက်များသော်၊ အင်းနားချောင်းကန်၊ ပြည့်သောဟန်တည့်” ဆိုတာလည်း ဒီသဘောဆန်ဆန်ပါပဲ။ ဒီသဘောတရားကို အခြေခံတဲ့ ပညာရေးအရ ဆရာတွေရဲ့ တာဝန်က အဖြေမှန်တွေ (Right Answers) ပေးပြီး ကလေးတွေကို မှန်ကန်တဲ့ ဗဟုသု၊ အသိပညာတွေ ပေးရမယ်လို့ ယူဆပါတယ်။ ဆရာကနေ သင်ကြားပို့ချတဲ့နည်း (Learning by Instruction or didactic method) ဆရာကို ဗဟိုပြုတဲ့ စနစ် (Teacher-centered System) သင်ကြားမှုကို ဗဟိုပြုတဲ့ စနစ် (Teaching-centered System) တွေကို အဓိက ကျင့်သုံးပါတယ်။
ဒုတိယအယူအဆကတော့ ကလေးတွေက ပင်ကိုယ်အားဖြင့် ကောင်းမွန်တယ်။ သူတို့ကို လွတ်လွတ်လပ်လပ်ထားလိုက်ရင် ချစ်ခြင်းမေတ္တာ ကြီးမားတဲ့ လူသားတွေ ဖြစ်လာလိမ့်မယ်။ ပျက်စီး ယိုယွင်းနေတဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီးကြောင့်သာ လူဆိုးတွေ ဖြစ်ကုန်ကြတယ်။ သူတို့ဟာ ပင်ကိုယ်သဘာဝအားဖြင့် စူးစမ်းလိုစိတ် ရှိလို့ သူတို့ဟာသူတို့ ရှာဖွေသင်ယူကြလိမ့်မယ်။ သူတို့ စိတ်ဝင်စားတာကို သင်ယူနိုင်ဖို့ ဘေးကနေ ပံ့ပိုးပေးဖို့ပဲ လိုတယ်လို့ ယူဆပါတယ်။ ဒီအယူအဆကို ပြင်သစ်အတွေးအခေါ်ပညာရှင် ရူးဆိုး Jean-Jacques Rousseau (1712 – 1778) က သူ့ရဲ့ Émile လို့ခေါ်တဲ့ ပညာရေးအတွေးအခေါ် ဝတ္ထုမှာ ရေးခဲ့ပါတယ်။ ရူးဆိုးရဲ့ စိတ်ကူးကို ဆွစ်လူမျိုး ပတ်စတာလိုဇီး Heinrich Pestalozzi (1746-1827)၊ အီတလီလူမျိုး မွန်တက်ဆိုရီ Maria Montessori (1870 – 1952) တို့က လက်တွေ့ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီအတွေးအခေါ်ကို အခြေခံတဲ့ ပညာရေးမှာ ဆရာတဦးရဲ့ တာဝန်က စာသင်ပေးဖို့ထက် ဘေးကနေ ကူညီပံ့ပေးဖို့ သက်သက်သာ ဖြစ်ပါတယ်။ မွန်တက်ဆိုရီကျောင်းတွေမှာ ဆိုရင် ဆရာကို ဆရာလို့တောင် မခေါ်ဘဲ facilitator လို့ပဲ ခေါ်ပါတယ်။ နောင်တော့ အမေရိကန် အတွေးအခေါ်ပညာရှင် ဂျွန် ဒျူဝီ John Dewey (1859 –1952) က ရူးဆိုးရဲ့ ရိုမန်တစ် လူသားဝါဒနဲ့ သူ့ရဲ့ လက်တွေ့အသုံးချဝါဒ (pragmatism) တွေကို ပေါင်းစပ်ပြီး တိုးတက်တဲ့ ပညာရေး (Progressive Education) ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီပညာရေးစနစ်မှာ ဆရာက အဖြေမှန်တွေ ထည့်ပေးဖို့ထက် ကျောင်းသားတွေ ကိုယ်တိုင် စူးစမ်းရှာဖွေ ထုတ်ဖော်စေတဲ့နည်း Learning by Discovery ကို ဦးစားပေးပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေ၊ ပို့ချချက်တွေထက် ကစားရင်းဖြစ်စေ၊ activity တွေလုပ်ရင်း ဖြစ်စေ သင်ယူစေပါတယ်။ Project-based learning လို့လည်း ခေါ်လေ့ရှိပါတယ်။ ဆရာထက် ကျောင်းသားရဲ့ စိတ်ဝင်စားမှုကို စူးစမ်းမှုကို အခြေခံလို့ ကျောင်းသားကို ဗဟိုပြုတဲ့ စနစ် (Student-centered system) သင်ယူမှုကို ဗဟိုပြုတဲ့ စနစ် (Learning-centered system) လို့ သတ်မှတ်ပါတယ်။
ပညာရေးဆိုတာ ကျောင်းသားရဲ့ ခေါင်းထဲကို အဖြေမှန်တွေ ထည့်ပေးတာ မဟုတ်ဘူးဆိုတဲ့ အယူအဆကို ရူးဆိုးမတိုင်ခင် အစောပိုင်းကတည်းက ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးက ပြောခဲ့ဖူးပါတယ်။ ဆိုကရေးတီးဟာ ပြဿနာတွေရဲ့ အဖြေကို သူကိုယ်တိုင် မပေးဘဲ အခြားသူတွေကိုပဲ မေးခွန်းတွေ ထုတ်နေတယ်လို့ သူ့ကို စွတ်စွဲအပြစ်တင်ကြပါတယ်။ ဒါကို ဆိုကရေးတီးက ဒါမှန်ပါတယ်၊ သူက ဝမ်းဆွဲလက်သည်အလုပ်ကို လုပ်နေလို့ပါလို့ ဖြေခဲ့ပါတယ်။ ကိုယ်ဝန်ရင့်မာတဲ့ မိခင်က ကလေးကို ကိုယ်တိုင် မွေးဖွားနိုင်ပေမယ့်၊ ဝမ်းဆွဲလက်သည်က ချောချောမွေ့ဖြစ်အောင် အကူအညီပေးတာကို ဆိုလိုပါတယ်။ ဝမ်းဆွဲလက်သည်က မိခင်ကို သားဖွားနိုင်ဖို့အတွက် ဗိုက်နာဝေဒနာခံစားရအောင် လှုံ့ဆော်ပေးပါတယ်။ ဒီလိုပဲ လူငယ်တွေကို သူတို့ရဲ့ အသိဉာဏ်ပညာ ပွင့်လင်းလာဖို့အတွက် စိတ်ရှုတ်ထွေးတဲ့ ဝေဒနာခံစားရအောင် မေးခွန်းတွေ တခုပြီးတခု ထုတ်ပြီး ဆိုကရေးတီးက လှုံ့ဆော်ပေးပါတယ်။ (ဆိုကရေးတီးရဲ့ ရှင်းလင်းချက်အကျယ်ကို Plato’s Theaetetus ကထာမှာ ဖတ်နိုင်ပါတယ်။ ဆရာဇော်ဂျီရဲ့ ပလေးတိုးနိဒါန်းမှာ Theaetetus ကထာ ဘာသာပြန် ပါပါတယ်)။ ဒါကြောင့် ဆိုကရေးတီးရဲ့ အဆင့်ဆင့် မေးခွန်းထုတ်ပြီး ဆွေနွေးသင်ကြားတဲ့နည်းလမ်းကို “ဝမ်းဆွဲလက်သည်ပမာ သင်ကြားနည်း” midwifery (maieutic) လို့ ခေါ်လေ့ရှိပါတယ်။ ဗုဒ္ဓဘာသာမှာတော့ “တန်ပြန် မေးခွန်းထုတ်၍ ဖြေနည်း” (ပဋိပုစ္ဆာဗျာကရဏ) လို့ခေါ်ပါတယ်။
အဖြေမှန်ကို ပေးတဲ့ သင်ကြားနည်း၊ တနည်း ရှေ့ကချပေးတာကို နောက်ကလိုက်ဆို လိုက်မှတ်ရတဲ့ ကျက်တူရွေးနှုတ်တိုက် သင်ကြားနည်းတွေနဲ့ပဲ ယဉ်ပါးနေတဲ့ ကျောင်းသားက အဖြေမှန်သင်ပေးတဲ့ ဆရာကိုပို သဘောကျတတ်ကြပါတယ်။ ဆရာက သူကိုယ်တိုင် နားမလည်တာတွေကို ဖြစ်စေ၊ ကျောင်းသား နားမလည်နိုင်တာတွေကို ဖြစ်စေ ချန်ထား၊ ဖုံးထားပြီး ကျောင်းသား နားလည်နိုင်တာလေးတွေကို ရှေ့ကသင်ပေးရင် ကျောင်းသားတွေက ဒီဆရာကို စာအသင်အပြကောင်းတဲ့ ဆရာလို့ သတ်မှတ်လေ့ ရှိပါတယ်။ ဒီဆရာသင်လိုက်ရင် ရှင်းသွားတာပဲလို့ ပြောတတ်ကြပါတယ်။ တကယ်ကတော့ ဆရာက ရှင်းနေပြီးသားကို သင်လိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းဆွဲလက်သည်နဲ့ တူတဲ့ ဆရာတွေကတော့ ကျောင်းသားက နားလည်ပြီးသားလို့ ထင်တဲ့ အကြောင်းအရာတခုကို မေးခွန်းတွေ ထုတ်ပြီး ရှုပ်အောင်လုပ်ပါတယ်။ ကျောင်းသားက အားစိုက်ထုတ်ပြီး ဆရာနဲ့အတူ လိုက်စဉ်းစားရင် သူနားလည်ထားတာထက် ပိုပြီး ရှင်းလင်းနားလည်သွားနိုင်ပါတယ်။ တကယ်လို့ ကျောင်းသားက အားမစိုက်ရင်တော့ သူတို့က ဒီဆရာမျိုးကို ‘ဘာတွေသင်လို့ သင်မှန်းမသိ၊ အတော် စာသင်ညံ့တဲ့ ဆရာ’ လို့ ထင်မှတ်ကြပါလိမ့်မယ်။ တကယ်တော့ အဖြေမှန်တွေ (Right Answers) ပေးတဲ့ သင်ကြားနည်း (teaching by instruction)၊ မေးသင့်တဲ့ မေးခွန်းတွေ (Right Questions) ကို မေးပြီး ဆွေးနွေးတဲ့ သင်ကြားနည်း (midwifery or maieutic method) နှစ်မျိုးလုံးက လိုအပ်ပါတယ်။ ပထမနည်းက အချက်အလက်၊ ဗဟုသုတတွေကို ရဖို့ အထောက်အကူဖြစ်ပြီး၊ ဒုတိယနည်းကတော့ စဉ်စားဆင်ခြင်နိုင်စွမ်းနဲ့ နားလည်သဘောပေါက်မှုကို ဖြစ်စေပါတယ်။ စဉ်းစားဆင်ခြင်တယ်ဆိုတာကလည်း စဉ်းစားဆင်ခြင်စရာ အချက်လက်တွေရှိမှ စဉ်းစားဆင်ခြင်လို့ ရပါတယ်။ ဒါကြောင့် အဖြေမှန်ကို ဖြေတတ်ဖို့သာမက မေးသင့်တဲ့ မေးခွန်းတွေကို မေးတတ်အောင် မေးပေးဖို့ရောက အရေးကြီးတယ် လို့ ဆိုချင်ပါတယ်။